ပစ္စေကဗုဒ္ဓါ
ပစ္စေက = အသီးသီး + ဗုဒ္ဓါ = မဂ်ဖိုလ်ကို သိသူများ ဟု အဓိပ္ပာယ်ရသည်။
ဘုရားပွင့်သောအချိန်၊ ဘုရားသာသနာ ထွန်းလင်းနေသော အချိန်များတွင် ပစ္စေကဗုဒ္ဓများ ပွင့်ရိုးထုံးစံမရှိပေ။ ထိုသို့ ဘုရားရှင်နှင့်အပြိုင်မဟုတ်ဘဲ သီးခြားပွင့်သော ဘုရားငယ်ဖြစ်၍ ပစ္စေကဗုဒ္ဓဟု ခေါ်သည်။
ပစ္စေက = တသီးတခြား + ဗုဒ္ဓါ = ပွင့်သည့်ဘုရားငယ် ဟူ၍လည်း အဓိပ္ပာယ်ရသည်။
ပွင့်သည့်အချိန်အခါ
[ပြင်ဆင်ရန်]ဘုရားမပွင့်သော (သံဝဋ္ဋကပ်)သုညကမ္ဘာမှာ ပစ္စေကဗုဒ္ဓါများ မပွင့်ကြပေ။ ဘုရားပွင့်သော (ဝိဝဋ္ဋကပ်) အသုညကမ္ဘာမှာမှ ဘုရားတစ်ဆူနှင့်တစ်ဆူအကြား သာသနာပ အချိန်မှာ ပွင့်လေ့ပွင့်ထ ရှိသည်။ ပစ္စေကဗုဒ္ဓါတွေထဲတွင် မာတင်္ဂခေါ်သော ပစ္စေကဗုဒ္ဓါသည် နောက်ဆုံးပစ္စေကဗုဒ္ဓါ ဖြစ်သည်။ ဂေါတမဘုရားအလောင်း ဖွားတော်မူသည့် အချိန်ထိ ရာဇဂြိုဟ်ပြည်အနီးတွင် သီတင်းသုံးနေသည်။ ဘုရားအလောင်းကို ပူဇော်ရန် သွားကြသောနတ်တွေက တွေ့၍ “အချင်းတို့ လောက၌ ဘုရားပွင့်ပြီ” ဆိုသော အသံကြားရမှ မိမိ၏ အသက်အပိုင်းအခြား ကုန်ပြီဆိုတာသိသွားပြီး၊ ဟိမဝန္တာရှိ မဟာပပါတတောင်ကို ကြွကာ ပရိနိဗ္ဗာန် ပြုတော်မူသည်။ [၁]
ပစ္စေကဗုဒ္ဓါများသည် ဘုရားရှင်ကဲ့သို့ အမြဲတမ်း တစ်ပါးတည်း ပြိုင်ဘက်မရှိ ပွင့်လေ့မရှိ။ တစ်ပါးတည်း ပွင့်သည့်အခါ ရှိသလို တစ်ရာ တစ်ထောင်ပြိုင်ပြီး ပွင့်သည့်အခါလဲ ရှိသည်။ ပဒုမဒေဝီ၏ သား(၅၀၀)သည် တပြိုင်နက် ပစ္စေကဗုဒ္ဓါ ဖြစ်ကြကြောင်း၊ ဆဒ္ဒန်ဆင်မင်း ဝတ္တုမှာ ပစ္စေကဗုဒ္ဓါ ငါးရာ ဆုံတော်မူကြောင်း၊ မဟာကပ္ပိနမင်း ဝတ္တုမှာ ပစ္စေကဗုဒ္ဓါ တစ်ထောင် တပြိုင်နက် ဆုံကြကြောင်း ပါရှိပေသည်။
ပစ္စေကဗုဒ္ဓါများသည် နှစ်သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကြရသည်။ ပစ္စေကဗုဒ္ဓါလောင်းများသည် နောက်ဆုံးဘဝတွေမှာ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူကြွယ်မျိုး တစ်မျိုးမျိုး ဖြစ်ကြရ၏။
ဗောဓိဆု
[ပြင်ဆင်ရန်]ဗုဒ္ဓဘာသာ ကျမ်းဂန်အရ ဗောဓိဆု သုံးဆုရှိသည်။
- သမ္မာသမ္ဗောဓိဆု = သဗ္ဗညုဘုရားအဖြစ်ကို တောင်းသည့်ဆု
- ပစ္စေကဗောဓိဆု = ပစ္စေကဗုဒ္ဓါဘုရားငယ် အဖြစ်ကို တောင်းသည့်ဆု
- သာဝကဗောဓိဆု = မြတ်စွာဘုရား၏ တပည့်သာဝက အဖြစ်ကို တောင်းသည့်ဆု
နိယတ ဗျာဒိတ် (၅)ပါး
[ပြင်ဆင်ရန်]ပစ္စေကဗောဓိဆုအရ ပစ္စေကဗုဒ္ဓါသည် -
- လူသားဖြစ်ခြင်း၊
- ယောက်ျားဖြစ်ခြင်း၊
- ဘုရားကိုဖြစ်စေ၊ ပစ္စေကဗုဒ္ဓကိုဖြစ်စေ ဘုရား၏ တပည့်သာဝက တစ်ပါးပါးကိုဖြစ်စေ ဖူးတွေ့ရခြင်း၊
- ဘုရားတို့အား ကိုယ်အသက်ကို စွန့်ခြင်းဟု ဆိုအပ်သော ကုသိုလ်ရှိခြင်း၊
- ဘုရားဖြစ်ရန်လွန်ကဲသော ဆန္ဒရှိခြင်း ဟူသော အင်္ဂါ(၅)ပါးနှင့် ပြည့်စုံရသည်။
ဘုရားနှင့် ပစ္စေကဗုဒ္ဓါ ကွာခြားချက်များ
[ပြင်ဆင်ရန်]ဘုရားလောင်းသည် အင်္ဂါ(၈)ပါးနှင့် ညီမှ နိယတ ဗျာဒိတ်ကို ရရှိသည်။ ပစ္စေကဗုဒ္ဓါသည် အင်္ဂါ(၅)ပါးနှင့် ညီမှ နိယတ ဗျာဒိတ်ကို ရရှိသည်။
ဘုရားလောင်းသည် (အနည်းဆုံး) လေးသချေင်္ နှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကြရသည်။ ပစ္စေကဗုဒ္ဓါလောင်းသည် နှစ်သချေင်္ နှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကြရသည်။
ဘုရားလောင်းသည် နောက်ဆုံးဘဝတွင် မင်းမျိုး၊ ပုဏ္ဏားမျိုး နှစ်မျိုးမှသာ ဖြစ်ရသည်။ ပစ္စေကဗုဒ္ဓါလောင်းသည် နောက်ဆုံးဘဝတွင် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူကြွယ်မျိုး သုံးမျိုးမှ ဖြစ်ရသည်။
ဘုရားသည် အရဟတ္တ မဂ်,ဖိုလ်ကို ရပြီးသည်နှင့် တစ်ပြိုင်နက် သဗ္ဗညုတ ဉာဏ်တော်ကြီးနှင့် အာသယာ နူသယဉာဏ်၊ ဣန္ဒြိယ ပရောပရိယတ္တ ဉာဏ် စသည့် ဉာဏ်တော်ကြီးတွေပါ (အသာဓာရဏ ဉာဏ်တော်ကြီး) ရသည်။ ပစ္စေကဗုဒ္ဓါသည် အရဟတ္တ မဂ်,ဖိုလ်ကို ရပြီးသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘီဒါ၊ အဘိညာဉ်၊ သမာပတ် စသည့် ဉာဏ်တန်ခိုး၊ ဈာန်တန်ခိုးများကို ရရှိကြသည်။
ဘုရားရှင်တိုင်း သိသမျှတရားများကို ပြန်ဟောကြားနိုင်ပြီး သတ္တဝါများအား အကျွတ်တရာါ်ရစေနိုင်သည်။ ပစ္စေကဗုဒ္ဓါသည် သိသမျှတရားများကို ပြန်လည်မဟောကြားနိုင်ပေ။ ကျမ်းဂန်များတွင် ပစ္စေကဗုဒ္ဓါသည် အတ္ထရသ ကိုသာ ထိုးထွင်းသိပြီး၊ ဓမ္မရသကို မသိနိုင်ကြဟု ဆိုသည်။ တရား၏ အဓိပ္ပာယ် သဘောသဘာဝများကို သိကြသော်လည်း ထိုတရားများကို ပညတ်တင်ပြီး ဒေသနာ အစဉ်အနေနှင့် မဟောကြားနိုင်သည့် သဘောဖြစ်သည်။[၂][၃]